တောင်ကြီး နိုဝင်ဘာ-၁
၂၀၂၄ခုနှစ်၊ တောင်ကြီးမြို့တန်ဆောင်တိုင်ပွဲတော်နှင့် မြို့လုံးကျွတ်ဘုံကထိန်ပွဲတော် အောင်မြင် စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဥ်(၃/၂၀၂၄)ကို နိုဝင်ဘာ(၁)ရက် ညနေ(၃) နာရီက တောင်ကြီးမြို့၊ ရှမ်းပြည်နယ်အစိုးရရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် တောင်ကြီးမြို့၊ တန်ဆောင်တိုင်ပွဲတော် ကျင်းပရေး ဦးစီးကော်မတီဥက္ကဋ္ဌ၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က မကြာမီကျင်းပမည့် တန်ဆောင်တိုင်ပွဲတော်အတွက် ဆောင်ရွက်ရမည့်လုပ်ငန်းများ အမြန် ဆုံးဖြတ်ဆောင်ရွက် ပေးကြရန် နှင့်ဘုံကထိန်ပွဲတော် ကျင်းပဆောင်ရွက်နိုင်ရေးကိုလည်း တင်ပြဆွေးနွေးပေးကြရန် ပြောကြားသည်။
ဆက်လက်၍ တက်ရောက်လာကြသော လုပ်ငန်းကော်မတီများ ဖြစ်သော ပွဲတော်ကျင်းပရေး လုပ်ငန်းကော်မတီ၊ လုံခြုံရေးနှင့်စည်းကမ်းထိန်းသိမ်းရေးလုပ်ငန်းကော်မတီ၊ ဘဏ္ဍာငွေကြီးကြပ်ရေး လုပ်ငန်းကော်မတီ၊ ဖွင့်ပွဲ၊ပိတ်ပွဲအခမ်းအနား ကျင်းပရေးလုပ်ငန်းကော်မတီ၊ အခမ်းအနား ပြင်ဆင်ရေး လုပ်ငန်းကော်မတီ၊ ပြန်ကြားရေး၊မှတ်တမ်းတင်ရေး၊ဖိတ်ကြားရေး ကြိုဆိုနေရာချထားရေးနှင့် ပြပွဲ ပြိုင်ပွဲကျင်းပရေးလုပ်ငန်းကော်မတီ၊ သယ်ယူပို့ဆောင်ရေးလုပ်ငန်းကော်မတီ၊ မီးပဒေသာလှည့်လည် ပူဇော်ပွဲကျင်းပရေးကော်မတီ၊ မသိုးသင်္ကန်းရက်လုပ် ယှဥ်ပြိုင်ဆက်ကပ်ရေး၊ ဆုချီးမြှင့်ရေးနှင့် ဆွမ်းဆက်ကပ်ရေးလုပ်ငန်းကော်မတီ၊ ကျန်းမာရေးနှင့်သန့်ရှင်းမှုကြီးကြပ်ရေးလုပ်ငန်းကော်မတီ၊ မြို့လုံးကျွတ် မဟာဘုံကထိန်ပွဲတော်ကျင်းပရေးလုပ်ငန်းကော်မတီ၊ ဆုချီးမြှင့်ပွဲနှင့်ဧည့်ခံကျွေးမွေးရေး လုပ်ငန်းကော်မတီတို့မှ တင်ပြဆွေးနွေးကြသည်။
ထို့နောက် လုပ်ငန်းကော်မတီများမှ တင်ပြဆွေးနွေးမှုအပေါ် လိုအပ်ချက်များကို ပြည်နယ် ဝန်ကြီးချုပ်က ဖြည့်စွက်ဆွေးနွေးပြီး အထွေထွေဆွေးနွေးကြကာ တောင်ကြီးမြို့တန်ဆောင်တိုင်ပွဲတော် ကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်က နိဂုံးချုပ်စကားပြောကြား ကြောင်း သိရသည်။
အဆိုပါ တောင်ကြီးမြို့တန်ဆောင်တိုင်ပွဲတော်ကို နိုဝင်ဘာလ(၉)ရက်မှ (၁၅)ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ပြီး မီးပုံးပျံညမီးကြီးယမ်းမီး(၂၆)လုံး၊ စိန်နားပန်မီးပုံးပျံ(၂၄)လုံး စုစုပေါင်း(၅၀)လုံး၊ နေ့လွတ်ခြေနှစ်ချောင်း(၁၄၇)လုံး၊ ခြေလေးချောင်း(၃၈)လုံး၊ အရုပ်အုပ်စု(၂၃)လုံး ပါဝင်ယှဥ်ပြိုင် သွားမည်ဖြစ်ကြောင်းနှင့် မီးပုံးပျံဝါသနာရှင်များ လာရောက်ကြည့်ရှု လည်ပတ်နိုင်ကြောင်း သိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့