တောင်ကြီး ဖေဖေါ်ဝါရီ-၁
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့ပေါ်ရှိရပ်ကွက်များသို့ ရေပေးဝေရေးစနစ်နှင့် လျှပ်စစ်မီးလင်းရေးစနစ် ဆောင်ရွက်မှုအခြေအနေများရှင်းလင်းခြင်းကို ဇန်နဝါရီလ(၃၁)ရက်၊ မွန်းလွဲ(၂)နာရီက တောင်ကြီးမြို့၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမ၌ ကျင်းပသည်။
ဦးစွာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်က မီးမရှိလျှင် အမှောင်ထဲတွင် နေထိုင်လို့ရသော်လည်း ရေမရှိလျှင်နေထိုင်လို့မရသောကြောင့် အားလုံးက ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးကြရန်နှင့် ရေ၊ မီးရရှိနိုင်မရရှိနိုင်မှုနှင့်ပတ်သက်၍ ပွင့်လင်းစွာ ရှင်းလင်းတင်ပြပေးကြရန်ပြောကြားသည်။
ထို့နောက် ရှမ်းပြည်နယ်စည်ပင်သာယာရေးဌာန၊ ညွှန်ကြားရေးမှူးဦးစိုင်းထွန်းထွန်းက ရေထွက်များမှ ရေများကိုတောင်ကြီးမြို့ပေါ်ရှိရပ်ကွက်များအား ရေဖြန့်ဝေပေးမှုအခြေအနေများနှင့် လက်ရှိရေစုကန်တွင် လျှပ်စစ်မီးလိုင်းသီးသန့်ထားရှိပေးနိုင်ရန်၊ စည်ပင်သာယာရေးဌာန၊ မီးသတ်ဦးစီးဌာန၊ ကျေးလက်ဒေသဖွဲ့ဖြိုးရေးဦးစီးဌာနရှိ ရေကားများဖြင့် ရေမရရှိသေးသည့် ရပ်ကွက်များသို့ ရေများဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း ရှင်းလင်းတင်ပြပြီး လျှပ်စစ်မီးနှင့် ပတ်သက်၍ ပြည်နယ်လျှပ်စစ်ဖြန့်ဖြူးရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးက ရှင်းလင်းတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က လာမည့်နွေရာသီကာလအတွက်လည်း ကြိုတင်ပြင်မှုအနေဖြင့် ဆောင်ရွက်ပေးရမည်ဖြစ် ကြောင်း ဖြည့်စွက်ဆွေးနွေးသွားကြောင်းသိရသည်။
တောင်ကြီးမြို့ပေါ်ရှိရပ်ကွက်နေ ပြည်သူများသောက်ရေ၊ သုံးရေအဆင်ပြေစေရေးအတွက် စည်ပင်သာယာရေးဌာနမှ ရေပေးခြင်းကို ဆောင်ရွက်လျက်ရှိရာ တောင်ကြီးမြို့၊ ထီသိမ်(ရုရှား) ရေစုကန်မှ ဘုရားဖြူရပ်ကွက်(မြောက်ပိုင်း)၊ ရေအေးကွင်းရပ်ကွက်(အမြင့်ပိုင်း) သစ်တော ရပ်ကွက်နှင့် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်များသို့လည်းကောင်း၊ ထီသိမ်(ကျောက်တန်း)ရေစုကန်မှ မင်္ဂလာဦးရပ်ကွက်၊ ရေအေးကွင်းရပ်ကွက်ညောင်ရွှေဟော်ကုန်းရပ်ကွက်၊ ညောင်ဖြူစခန်းရပ်ကွက်၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်များသို့လည်းကောင်း ပါမိုးနဲရေစုကန်မှ ဘုရားဖြူရပ်ကွက်(အမြင့်ပိုင်း)နှင့် ရေအေးကွင်းရပ်ကွက်(အမြင့်ပိုင်း)ရေထွက်ဦးရေစုကန်မှ ရေအေးကွင်းရပ်ကွက်(အနိမ့်ပိုင်း) ကန်ရှေ့ရပ်ကွက်နှင့် ကန်အောက်ရပ်ကွက်၊ တောင်ကျောင်းကြီးရေစုကန်မှ မြို့မရပ်ကွက် (အမြင့်ပိုင်း) ဟော်ကုန်းရပ်ကွက်၊ စျေးပိုင်းရပ်ကွက်၊ လမ်းမတော်ရပ်ကွက်၊ ဂနိုင်ရေစုကန်မှ မြို့မရပ်ကွက်၊ ကံသာရပ်ကွက်၊ စိန်ပန်းရပ်ကွက်၊ ရွှေတောင်ရပ်ကွက်၊ ချမ်းမြသာစည်ရပ်ကွက်၊ နားယောင်းရေထွက်မှတစ်ဆင့် ဆင်တောင်၊ ရန်ကင်းတောင်၊ ရတနာသီရိရေစုကန်များသို့ ရေမော်တာဖြင့် အဆင့်ဆင့်စုပ်တင်၍ ရတနာသီရိရေလှောင်ကန်၏ အရှေ့ဘက်ခြမ်း၊ အနောက်ဘက်ခြမ်း၊ မြောက်ဘက်ခြမ်းရေလှောင်ကန်သို့လည်းကောင်း၊ ရတနာသီရိရေစုကန်မှ ရပ်တော်မူရေစုပ်ကန်သို့ ရေမော်တာဖြင့်စုတင်၍ ချမ်းသာရပ်ကွက်(အမြင့်ပိုင်း)၊ ချမ်းသာရပ်ကွက် (အနိမ့်ပိုင်း)၊ ကံသာရပ်ကွက်(အမြင့်ပိုင်း)များသို့ ဖြန့်ဝေပေးလျက်ရှိကြောင်းသိရသည်။
တောင်ကြီးမြို့ပေါ်ရှိ ရွေတောင်ရပ်ကွက်၊ စိန်ပန်းရပ်ကွက်၊ ချမ်းသာရပ်ကွက်၊ ကံသာရပ်ကွက်များကို ပြည်သူများသောက်ရေ၊ သုံးရေရှိရေးကို ဖေဖေါ်ဝါရီလ(၁)ရက်နေ့၊ နံနက်(၈)နာရီမှစ၍ စည်ပင်သာယာရေးဌာနနှင့် မီးသတ်ဦးစီးဌာနတို့မှ ရေများဖြန့်ဝေ ပေးသွားမည်ဖြစ်ကြောင်းသိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး