တောင်ကြီး ဧပြီ-၁၃
၂၀၂၄ခုနှစ် မြန်မာ့ရိုးရာမဟာအတာသကြင်္န်ပွဲတော် ဗဟိုမဏ္ဍပ်ဖွင့်ပွဲကို ဧပြီ(၁၃)ရက် ညနေ့(၃)နာရီက တောင်ကြီးမြို့ သစ်တောရပ်ကွက် ရုံးကြီးလမ်းရှိ ရှမ်းပြည်နယ်အစိုးရရုံးအဖွဲရုံးဟောင်းရှေ့၌ ကျင်းပသည်။
ဖွင့်ပွဲတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်က ယခုလို မြန်မာ့နှစ်သစ်ကူး မဟာသကြင်္န်ပွဲတော်ကို ပါဝင်ဆင်နွှဲသည့် ရှမ်းပြည်နယ်အတွင်း မှီတင်းနေထိုင်ကြသည့် ပြည်ထောင်စုဖွား တိုင်းရင်းသားညီအကိုမောင်နှမများအားလုံး မြန်မာ့နှစ်သစ်ကူးပွဲတော်တွင် ပျော်ရွှင်စွာ ရေကစားကြပြီး ကုသိုလ်ကောင်းမှုများ ပြုလုပ်ကြသလို တစ်ဖက်တွင်လည်း မြန်မာ့ယဥ်ကျေးမှုနှင့်ကိုက်ညီမှုမရှိသည့် ဝတ်စားဆင်ယင်မှု၊ ကြမ်းတမ်းစွာရေကစားမှု၊ မူးယစ်သောက်စားရမ်းကားမှု၊ ယာဥ်မတော်တဆမှုများ မဖြစ်ပွားရအောင် မြန်မာ့ရိုးရာယဥ်ကျေးမှုဓလေ့ကို ထိန်းသိမ်းစောင့်ရှောက်သွားကြရန် ပြောကြားသည်။
ဆက်လက်၍ မြန်မာ့ရိုးရာမဟာအတာတောင်ကြီးသကြင်္န် ဗဟိုမဏ္ဍပ်ကို ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်ဇော်မင်းလတ်၊ ပြည်နယ်ဝန်ကြီးများ၊ တောင်ကြီးမြို့၊ မြို့လယ်ဓမ္မာရုံဥက္ကဋ္ဌ၊ နမ့်ခုံးပရဟိတအသင်းဥက္ကဋ္ဌ၊ အေးသာယာစက်မှုဇုံဥက္ကဋ္ဌတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြပြီး ယိမ်းအဖွဲ့များမှ ကပြဖျော်ဖြေ၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ တိုင်းမှူး၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူတို့က အတာရေပက်ဖျန်းပေးကြသည်။
ထို့နောက် ၂၀၂၄ခုနှစ်၊ တောင်ကြီးမြို့မြန်မာ့ရိုးရာယဥ်ကျေးမှု မဟာအတာသကြင်္န်ပွဲတော်၊ လမ်းလျှောက်သကြင်္န်မုခ်ဦးကို ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြ၍ စတုဒီသာမဏ္ဍပ်များ ကြည့်ရှုအားပေးပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးတို့က အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် ရွှေနေကြာမဏ္ဍပ်သို့ တက်ရောက်ချီးမြှင့်ပေးရာ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်ဇော်မင်းလတ်က အဖွင့်အမှာစကားပြောကြားပြီး ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ တိုင်းမှူးဗိုလ်ချုပ်ဇော်မင်းလတ်တို့က ရွှေနေကြာမဏ္ဍပ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေး၍ အတာရေပက်ဖျန်းပေးကြကြောင်းသိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး