တောင်ကြီး ဇန်နဝါရီ-၃၀
ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်၊ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ဇော်မင်းလတ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ စစ်ဘက်နယ်ဘက်အရာရှိကြီးများ၊ စစ်မှုထမ်းဟောင်းအဖွဲ့များ၊ တာဝန်ရှိသူများနှင့်အတူ တောင်ကြီးမြို့နယ်၊ အေးသာယာမြို့စစ်မှုထမ်းဟောင်းအိမ်ရာရှိ ဓမ္မာရုံဆောက်လုပ်ရန်အတွက် အလှူငွေများသွားရောက်ပေးအပ်လှူဒါန်းခြင်းကို ဇန်နဝါရီလ(၃၀)ရက်၊ နံနက်(၁၀)နာရီခွဲက အမှတ်(၁၁)ရပ်ကွက် အေးသာယာမြို့၊ စစ်မှုထမ်းဟောင်းအိမ်ရာ (အေးသာယာ) ကြီးကြပ်ရေး ကော်မတီရုံး၌ ကျင်းပသည်။
အလှူငွေပေးအပ်လှူဒါန်းပွဲတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦအောင်အောင်က ယခုလိုစစ်မှုထမ်းဟောင်းအဖွဲ့နှင့် တွေ့ဆုံရသည့်အတွက် ဝမ်းသာပါကြောင်း၊ စစ်မှုထမ်းဟောင်းအဖွဲ့သည် အရန်အင်အားဖြစ်သည့်အတွက် စည်းစည်းလုံးလုံးဖြင့် စည်းကမ်းရှိစွာ နေထိုင်ကြရမည်ဖြစ်ကြောင်း၊ စည်းကမ်းရှိစွာနေထိုင်ခြင်းဖြင့် မိမိတို့စစ်မှုထမ်းဟောင်းအဖွဲ့အပေါ် ယုံကြည်မှု၊ အားကိုးမှုများရှိလာမည်ဖြစ်ကြောင်း၊ နိုင်ငံတော်အတွက် အထောက်အကူပြုသည့် အရန်အင်အားအဖြစ် ဆောင်ရွက်ပေးကြရန်ပြောကြားသည်။
ထို့နောက် စစ်မှုထမ်းဟောင်းအိမ်ရာရှိ ဓမ္မာရုံဆောက်လုပ်ရန်အတွက် ရှမ်းပြည်နယ် အစိုးရအဖွဲ့က ငွေကျပ်သိန်း(၅၀၀)၊ ဘိလပ်မြေအိတ်(၅၀၀)တို့ကို ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်နှင့် တိုင်းမှူးဗိုလ်ချုပ်ဇော်မင်းလတ်တို့က ပေးအပ်ရာစစ်မှုထမ်းဟောင်းအဖွဲ့ တာဝန်ရှိသူတစ်ဦးမှ လက်ခံရယူပြီး အရှေ့ပိုင်းစစ်ဌာနချုပ်မှ စားသောက်ဖွယ်ရာများနှင့် အလှူငွေကျပ်သိန်း(၅၀)တို့ကို တိုင်းမှူးဗိုလ်ချုပ်ဇော်မင်းလတ်ကပေးအပ်ရာ စစ်မှုထမ်းဟောင်းအဖွဲ့ တာဝန်ရှိသူတစ်ဦးမှ လက်ခံရယူသည်။
၎င်းနောက် တက်ရောက်လာကြသောစစ်မှုထမ်းဟောင်းအဖွဲ့များမှ လိုအပ်သော အခက်အခဲ များကိုတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်နှင့်တိုင်းမှူးတို့က ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး ဓမ္မာရုံဆောက်လုပ်မည့်မြေနေရာအား ကြည့်ရှုကြပြီး ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့်တာဝန်ရှိသူများသည် အေးသာယာမင်းကျန်စစ်အိမ်ရာရှိ စစ်မှုထမ်းဟောင်း မိသားစုဝင်များအား သွားရောက်တွေ့ဆုံ၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ အရှေ့ပိုင်းစစ်ဌာနချုပ်တိုင်းမှူးဗိုလ်ချုပ်ဇော်မင်းလတ်တို့က အဖွင့်အမှာစကား ပြောကြား၍ စစ်မှုထမ်းဟောင်းမိသားစုဝင်များအား စားသောက်ဖွယ်ရာပစ္စည်းများပေးအပ်ခဲ့ကြပြီး တောင်ကြီးမြို့၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် အမှတ်(၂)စစ်မြေပြင်ဆေးတပ်ရင်း နယ်လှည့်ဆေး ကုသရေးအဖွဲ့မှ စစ်မှုထမ်းဟောင်းမိသားစုဝင်များအား စမ်းသပ်ဆေးကုသပေးနေမှုကို ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့်တာဝန်ရှိသူများက ကြည့်ရှုအားပေးစကားပြောကြားခဲ့ကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး