တောင်ကြီး ဇွန်-၁၇
ပြည်နယ်အဆင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု အခြေခံသင်တန်း (၁/၂၀၂၄)ဖွင့်ပွဲကို ဇွန်(၁၇)ရက် နံနက်(၉)နာရီခွဲက တောင်ကြီးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပသည်။
သင်တန်းဖွင့်ပွဲတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က ရှမ်းပြည်နယ်အတွင်း သဘာဝဘေးအသိပညာ ပေးလုပ်ငန်းစဥ်များကို ပိုမိုတိုးမြှင့် ဆောင်ရွက်လျက်ရှိရာ ၂၀၂၃-၂၀၂၄ဘဏ္ဍာနှစ်တွင် ပြည်နယ်အဆင့်မှ ခရိုင်/မြို့နယ် အဆင့်အထိ သင်တန်း(၁၈)ကြိမ်၊ ဇာတ်တိုက်လေ့ကျင့်မှု (၁၉)ကြိမ်၊ ရပ်ကွက်၊ ကျေးရွာနှင့် အခြေခံပညာကျောင်းများမှာ အသိပညာပေး ဟောပြောမှု (၃၇၅)ကြိမ်၊ စုစုပေါင်း အသိပညာပေးလုပ်ငန်း (၄၁၂)ကြိမ် ဆောင်ရွက်နိုင်ခဲ့ပြီး ရှမ်းပြည်နယ် အစိုးရအနေဖြင့် အသိပညာပေးလုပ်ငန်းများကို ရှမ်းပြည်နယ်တစ်ခုလုံးကို လွှမ်းခြုံမှုရှိအောင် စီမံဆောင်ရွက် လျက်ရှိပါ ကြောင်း၊ ယနေ့ဖွင့်လှစ်သည့် သင်တန်းတွင် သဘာဝဘေးစီမံခန့်ခွဲမှု လုပ်ငန်းစဥ်များမှာ ပါဝင်ဆောင်ရွက်နေကြသည့် ဌာနဆိုင်ရာများ ရပ်ကျေးအုပ်ချုပ်ရေးမှူးများ၊ ရပ်ကျေးစာရေးများမှ သင်တန်းသား(၅၀)ဦး တက်ရောက်မှာဖြစ်ပြီး သဘာဝဘေးစီမံခန့်ခွဲမှု လုပ်ငန်းစဥ်များကို လက်တွေ့ဆောင်ရွက်သည့်အခါ ယခင်ကထက် ပိုမိုထိရောက်အောင်မြင်စွာ စီမံခန့်ခွဲဆောင်ရွက်နိုင်မှာ ဖြစ်သည့်အပြင် သဘာဝဘေးစီမံခန့်ခွဲမှုဆိုင်ရာ အသိပညာဗဟုသုတများကို မိမိပတ်ဝန်းကျင် တွင် ထပ်ဆင့်မျှဝေသွားခြင်းဖြင့် ဘေးဒဏ်ခံနိုင်စွမ်းရှိသည့် လူမှုအသိုက်အဝန်းတစ်ရပ် ထူထောင်ရာတွင် များစွာ အထောက်အကူဖြစ်စေမှာ ဖြစ်သည့်အတွက် စိတ်ပါဝင်စားစွာ လေ့လာသင်ယူမှတ်သား ဆောင်ရွက်ကြရန် ပြောကြားသည်။
ဆက်လက်၍ ပြည်နယ်အဆင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုသင်တန်း (၁/၂၀၂၄)အတွက် စားစရိတ် များကို ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က ထောက်ပံ့ပေးအပ်ရာ ပြည်နယ်လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ပြည်နယ်ဦးစီးမှူးမှ လက်ခံရယူပြီး စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးကြ၍ ပြည်နယ်ဝန်ကြီးချုပ် နှင့် တာဝန်ရှိသူများက ခန်းမအတွင်း ခင်းကျင်းပြသထားသော သဘာဝဘေး အသိပညာပေးပြခန်းများအား လှည့်လည် ကြည့်ရှုအားပေးကြကြောင်း သိရသည်။
အဆိုပါ ပြည်နယ်အဆင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု အခြေခံသင်တန်း (၁/၂၀၂၄)ကို ဇွန်(၁၇)ရက်မှ (၂၁)ရက်နေ့အထိ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်းနှင့် သင်တန်းကို ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ မြို့ပေါ် ရပ်ကွက်များမှ ဒေသခံပြည်များ စုစုပေါင်း(၅၀)ဦး တက်ရောက်ကြကြောင်း သိရှိရသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် သစ်တောရပ်ကွက်၊ ရုံးကြီးလမ်းဘေး ဝဲယာနှင့် တရားရုံးရှိ ရေနှုတ်မြောင်း အဖုံးပြုလုပ်ဆောင်ရွက်ရန် သွားရောက်ကြည့်ရှုပြီး တာဝန်ရှိသူများအား မှာကြား၍ စည်ပင်သာယာရေးဌာနမှ ဆောင်ရွက်ပြီးစီးခဲ့သော မြို့တော်ခန်းမဘေးရှိ လူသွားလမ်း ပလက်ဖောင်းအား သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ကြ ကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့