တောင်ကြီး ဩဂုတ်-၁၄
ပညာရေးဝန်ကြီးဌာန ဆရာအတတ်ပညာဦးစီးဌာန၊ တောင်ကြီးပညာရေးဒီဂရီကောလိပ်၊ တိုင်းရင်းသားဘာသာ စာပေသင်ဆရာ၊ ဆရာမများ အရည်အသွေးမြှင့် အထောက်အကူပြုဆွေးနွေးပွဲ (၂/၂၀၂၃)ဖွင့်ပွဲကို ဩဂုတ်(၁၄)ရက် နံနက်(၈)နာရီခွဲက တောင်ကြီးပညာရေးဒီဂရီကောလိပ် ကမ္ဘာဇခန်းမ၌ကျင်းပသည်။
ဆွေးနွေးပွဲ ဖွင့်ပွဲတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးက ပညာရေးဒီဂရီ၂၅ကျောင်းတွင် ဖွင့်လှစ်မည့် တိုင်းရင်းသားဘာသာ စာပေသင်ဆရာ၊ ဆရာမများ အရည်အသွေးမြှင့် အထောက်အကူပြုဆွေးနွေးပွဲ (၂/၂၀၂၃) ဒုတိယ အသုတ်ကို တက်ရောက်ကျမည့် ဆရာ၊ ဆရာမဦးရေမှာ (၃၉၈၇)ဦးဖြစ်ပြီး တောင်ကြီးပညာရေးဒီဂရီကောလိပ်တွင် (၁၀၀)ဦး တက်ရောက်ဆွေးနွေးနေသည်ကို သိရှိရပါကြောင်း၊ ရှမ်းပြည်နယ်အခြေခံကျောင်းများတွင် တိုင်းရင်းသား ဘာသာစာပေကို သင်ကြားပို့ချနေသော ဆရာ၊ ဆရာမများအနေဖြင့် နိုင်ငံတော်၏ စေတနာကို သိရှိနားလည်ကြမည်ဖြစ် ကြောင်း၊ ဆွေးနွေးပွဲ၏ ရည်ရွယ်ချက်များကို ပြည့်မှီအောင်ဆောင်ရွက်ကြရန် အထူးမှာကြားလိုကြောင်း၊ ဆွေးနွေးပွဲ၏ ရည်ရွယ်ချက်များကို သိရှိအောင် ရှင်းပြရမည်ဆိုပါက မိမိပတ်ဝန်းကျင်တွင် အကောင်းမြင် သဘောထားများဖြင့် အများနှင့်အတူတကွ နေထိုင်ကြရသည့်အခါ ကိုယ်ကျင့်တရားကောင်းမွန်ပြီး နိုင်ငံကြီးသားပီသလာစေရန်၊ မိမိတို့၏ ရိုးရာယဉ်ကျေးမှုကို တန်ဖိုးထား ထိန်းသိမ်းတတ်စေရန်၊ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်ပျက်စီးနိုင်သော အပြုအမူများ နှင့် အကျိုးဆက်များကို သိရှိနားလည်ခြင်းဖြင့် မိမိပတ်ဝန်းကျင်ကို ထိန်းသိမ်းစောင့်ရှောက် တတ်စေရန်နှင့် ဘေးအန္တရာယ် မဖြစ်မီ၊ ဖြစ်နေစဉ်၊ ဖြစ်ပြီး အချိန်ကာလများတွင် သင့်လျော်စွာ နေထိုင်တတ်ရန်၊ ကျန်းမာစွာ နေထိုင် တတ်သော အလေ့အကျင့်ကောင်းများ ကျန်းမာသန်စွမ်းသော လူတော်လူကောင်းများ ဖြစ်လာစေရန် စသည့် ရည်ရွယ်ချက် ကောင်းများ ချမှတ်ဆောင်ရွက် ထားပါကြောင်း၊ ရည်ရွယ်ချက်များ ပြည့်မီစေရန် ဆွေးနွေးပို့ချမည့် ဘာသာရပ် ခေါင်းစဉ်များကို သေချာစွာလေ့လာပြီး ဆောင်ရွက်ကြရန် ပြောကြားသည်။
ဆက်လက်၍ တောင်ကြီးပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ဆရာမကြီး ဒေါ်နှင်းကြူဦးမှ ဆွေးနွေးပွဲနှင့် ပက်သတ်၍ ရှင်းလင်းတင်ပြပြီး ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ တိုင်းရင်းသားဘာသာ စာပေသင်ဆရာ၊ ဆရာမများ အရည်အသွေးမြှင့် အထောက်အကူပြုဆွေးနွေးပွဲအတွက် ထောက်ပံ့ငွေများကို ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်ဇော်အေးက ပေးအပ်ရာ ကျောင်းအုပ် ဆရာမကြီးမှ လက်ခံရယူ၍ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး တာဝန်ရှိသူတို့က တိုင်းရင်းသားဘာသာ စာပေသင်ဆရာ၊ ဆရာမများအား ရင်းရင်းနှီးနှီးလိုက်လံ နှုတ်ဆက်ကြ ပြီး ပညာရတနာဆောင်တွင် ပထမနှစ်(ဒုတိယနှစ်ဝက်) ကျောင်းသားကျောင်းသူများ ပညာသင်ကြားနေမှုကို လိုက်လံကြည့်ရှု အားပေးစကား ပြောကြားကြောင်း သိရသည်။
အဆိုပါ တိုင်းရင်းသားဘာသာ စာပေသင်ဆရာ၊ ဆရာမများ အရည်အသွေးမြှင့် အထောက်အကူပြုဆွေးနွေးပွဲ (၂/၂၀၂၃) ဆွေးနွေးပွဲသင်တန်းတွင် ရှမ်းပြည်နယ်(တောင်ပိုင်း)မှ တက်ရောက်သူ (၁၀၀)ဦး တက်ရောက်ကြကြောင်းနှင့် ဆွေးနွေးပွဲကို ဩဂုတ်လ (၂၇)ရက်နေ့အထိ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး