ကျိုင်းတုံ နိုဝင်ဘာ-၇
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာချီလိတ်မြို့နယ်ရှိ ပါလျှိုး-ကျိုင်းလပ် နယ်စပ်ကုန်သွယ်ရေးစခန်း အဆင်ပြေချောမွေ့စွာလည်ပတ်နိုင်ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို နိုဝင်ဘာ (၆) ရက် မွန်းလွဲ(၁)နာရီခွဲက ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ကျိုင်းတုံမြို့ ခေမရဋ္ဌ်ရိပ်သာအစည်းအဝေးခန်းမ၌ ကျင်းပသည်။
လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင် က ကျိုင်းလပ်နယ်စပ်ကုန်သွယ်ရေးစခန်း လုပ်ငန်းများအဆင်ပြေချောမွေ့စွာ မှန်မှန်ကန်ကန်လည်ပတ် ဆောင်ရွက်နိုင်ရန် သက်ဆိုင်ရာဌာနဆိုင်ရာများက ဆောင်ရွက်နေသောလုပ်ငန်းနှင့် ဆောင်ရွက် နေဆဲ လုပ်ငန်းအခြေအနေများ မြန်မြန်ဆန်ဆန်ဖြင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ တရုတ်နှင့် မိုင်းလားနယ်စပ်ဒေသပိတ်ထားသည်ကို အားလုံးအသိဖြစ်ပါကြောင်း၊ ကျိုင်းလပ်နယ်စပ် ကုန်သွယ်ရေးစခန်း မှ မဖြစ်မနေကုန်သွယ်မှု ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ကုန်သွယ်မှု မဆောင်ရွက်နိုင်ပါက တရားဝင်ကုန်သွယ်မှု ပိတ်နေမှုမျိုးဖြစ်နေပါကြောင်း၊ တရားမဝင်ကုန်သွယ်မှု စနစ် လျှော့ချနိုင်ရေးအတွက် ထိုက်သင့်သလိုတားဆီးအရေးယူနိုင်ရေး ဆောင်ရွက်ပေးရမည် ဖြစ်ကြောင်း၊ ယခုအစည်းအဝေးတွင် ပွင့်ပွင့်လင်းလင်းတင်ပြပေးရန်နှင့် လိုအပ်ချက်များကို ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်ထောင်စုအစိုးရအဖွဲ့သို့ တင်ပြသည့်အခါ ပြည်ထောင်စုအစိုးရက သက်ဆိုင်ရာ ဦးစီးဌာနများကို ကျိုင်းလပ်ကုန်သွယ်ရေးစခန်း မြန်မြန်ဆန်ဆန်အဆင်ပြေစွာ ကုန်သွယ်မှု ချောမွေ့စွာဆောင်ရွက်နိုင်ရန်စိစစ်၍ ဆောင်ရွက်ရန်အကြောင်းကြားစာများ ရောက်လာပါကြောင်း၊ ကုန်သွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် လမ်း၊ လျှပ်စစ် မီး၊ ဆက်သွယ်ရေး၊ ဘဏ္ဍာစနစ်များတင်ပြခဲ့ပါကြောင်း၊ အလားတူ မိုင်းယန်းဘက်တွင်လည်း ဝမ်တာပုံစခန်းအား မိုင်းယန်းဘက်ပြောင်းရွေ့နိုင်ရန် တင်ပြခဲ့သောကြောင့် သက်ဆိုင်ရာ ဝန်ကြီးဌာနမှ ညွှန်ကြားထားသည့် နောက်ဆုံးအချက်များ ဆွေးနေ၍ မည်ကဲ့သို့ပေါင်းစပ်ရမည်ကို တင်ပြပေးရမည်ဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ တက်ရောက်လာသည့် ဌာနဆိုင်ရာများဖြစ်သော ကုန်သွယ်ရေးဦးစီးဌာန (တာချီလိတ်ကုန်သွယ်ရေးစခန်း)၊ အကောက်ခွန်ဦးစီးဌာန၊ တာချီလိတ်၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း) ပြည်နယ်လျှပ်စစ်အင်ဂျင်နီယာရုံး၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းနှင့် ပြည်နယ်ဝန်ကြီးများက လုပ်ငန်းဆောင်ရွက်မှုအခြေအနေများနှင့် ဆောင်ရွက်ထားရှိမှုတို့ကို အသီးသီးဆွေးနွေးတင်ပြ ကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က သက်ဆိုင်ဌာနများမှ လုပ်ငန်းဆောင်ရွက်မှုနှင့် ပတ်သက်၍ တင်ပြဆွေးနွေးမှုများအပေါ် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးရမည့် ကိစ္စရပ်များကို ဆောင်ရွက်ပေးခဲ့ပြီး နိဂုံးချုပ်စကားပြောကြားခဲ့ကြောင်းသိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့