တောင်ကြီး ဇူလိုင်-၁၃
၂၀၂၄ခုနှစ်၊ ဆေးတက္ကသိုလ်-တောင်ကြီးပါမောက္ခချုပ် တံခွန်စိုက်ဖလား ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲကို ဇူလိုင်(၁၃)ရက်မွန်းလွဲ(၂)နာရီက တောက်ကြီးမြို့၊ ပြည်နယ်အားကစားကွင်း၌ ကျင်းပသည်။
ဖွင့်ပွဲတွင် ပြိုင်ပွဲဝင်အားကစားသမားများက အားကစားသစ္စာအဓိဋ္ဌာန် ရွတ်ဆိုကြပြီး ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က ဆေးတက္ကသိုလ်ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ကျောင်းစာကိုအမြဲသင်ယူနေကြရပြီး မအားမလပ်သည့်ကြားမှ ယခုလို အားကစားစိတ်ဓါတ်အပြည့်ဖြင့် ယှဥ်ပြိုင်ကြသည့်အတွက် များစွာဂုဏ်ယူမိပါကြောင်း၊ စာပေထူးချွန်ရုံသာမက အားကစားတွင်ထူးချွန်အောင် ကြိုးစားလိုစိတ်ရှိပြီး ကာယဗလ၊ ဥာဏဗလစသည့် ဗလငါးတန်ဖွံ့ဖြိုးအောင် ဘက်စုံထူးချွန်ထက်မြတ်အောင် အဖက်ဖက်က ကြိုးစားသည့်အတွက် ဝမ်းမြောက်မိပါကြောင်း၊ ပြောကြားသည်။
ဆက်လက်၍ ရှမ်းပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူတို့က ပြိုင်ပွဲဝင်အားကစားအသင်းများကို လိုက်လံနှုတ်ဆက်ကြပြီး ဆေးတက္ကသိုလ်-တောင်ကြီး ပါမောက္ခချုပ်၊ ပါမောက္ခဒေါက်တာလှဝင်းမြင့်က ပြိုင်ပွဲကျင်းပရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။
ထို့နောက် ဆေးတက္ကသိုလ် – တောင်ကြီး အတန်းလိုက်Cheer Leaderအကမယ်များက ပန်းဖွားအကဖြင့် ကပြဖျော်ဖြေကြပြီး ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း ဘင်ခရာတပ်ဖွဲ့အား ဂုဏ်ပြုချီးမြှင့်ငွေ ပေးအပ်၍ ပြိုင်ပွဲပထမနေ့ပွဲစဥ်အဖြစ် ဆေးတက္ကသိုလ် – တောင်ကြီး Final Part – 1FC နှင့် Final Part – 2Fc ယှဥ်ပြိုင်ကစားနေမှုကို ကြည့်ရှုအားပေးကြသည်။
အဆိုပါ ဆေးတက္ကသိုလ်-တောင်ကြီး ပါမောက္ခချုပ်တံခွန်စိုက်ဖလား ဘောလုံးပြိုင်ပွဲတွင် ပြိုင်ပွဲအသင်း(၄)သင်း ပါဝင်ယှဥ်ပြိုင်၍ ဇူလိုင်(၁၃)ရက်မှ (၂၀)ရက်နေ့အထိ ကျင်းပသွားမည် ဖြစ်ကြောင်းသိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့