တောင်ကြီး ဇန်နဝါရီ-၃၁
ဆေးတက္ကသိုလ်-တောင်ကြီး ဆေးပညာပထမနှစ်(၁/၂၀၂၅)သင်တန်း၏ Orientation နှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ဇန်နဝါရီလ(၃၁)ရက်၊ နံနက်(၉)နာရီက ဆေးတက္ကသိုလ်-တောင်ကြီး Cherry Blossom Ballroom ခန်းမ၌ ကျင်းပသည်။
ဦးစွာဆေးတက္ကသိုလ်-တောင်ကြီး၏ ကျောင်းသား၊ ကျောင်းသူများမှ ဆေးတက္ကသိုလ်သီချင်းဖြင့် ဖျော်ဖြေ၍လည်းကောင်း၊ စည်းလုံးခြင်းအတွက်သီချင်းတစ်ပုဒ်တေးသီချင်းနှင့် ရှမ်းတိုင်းရင်းသား ရိုးရာအက၊ ချင်းတိုင်းရင်းသားရိုးရာအကဖြင့် ကပြဖျော်ကြသည်။
ထို့နောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်က ကြိုဆို နှုတ်ခွန်းဆက်စကားပြောကြားရာ ပြည်ထောင်စုမြန်မာနိုင်ငံအတွင်းရှိ ပြည်သူ၊ ပြည်သားများ အတွက် ထိထိရောက်ရောက်ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်မည့် ထူးချွန်သော ဆရာဝန်ကောင်း များ မွေးထုတ်ပေးရန် မျှော်မှန်းချက်ထားရှိသည့် တောင်ကြီးဆေးတက္ကသိုလ်သည် နိုင်ငံတကာ အသိအမှတ်ပြု တက္ကသိုလ်တစ်ခုဖြစ်ရန်အတွက်ရည်ရွယ်ပြီး သင်ရိုးညွှန်းတမ်းအသစ်နှင့် သင်ကြားနေသော တက္ကသိုလ်တစ်ခုလည်းဖြစ်ပါကြောင်း၊ ဆေးတက္ကသိုလ် ကျောင်းသားလူငယ်များ အနေဖြင့် စိတ်ဓာတ်၊ စည်းကမ်း၊ ပညာဆိုသည့် ဆောင်ပုဒ်အပြင် ကိုယ်ကျင့်ဝတ်သိက္ခာကို ပိုပြီးထိန်းသိန်းရန်လိုအပ်မှာဖြစ်သည့်အတွက် သမားဂုဏ်နှင့်ပြည်စုံရန်လည်းလိုအပ်ပြီး မိမိ တာဝန်ကျရာဒေသခံပြည်သူလူထု၏ ယုံကြည်လေးစားမှုကို ရရှိမှာဖြစ်ကြောင်း၊ သင်ကြားပေးသည့် ဆရာ၊ ဆရာမများအနေဖြင့်လည်း စဥ်ဆက်မပြတ်ဆေးပညာကို လေ့လာနေသူများဖြစ်ကြောင်း ခံယူပြီး ခေတ်နှင့်လျော်ညီသည့်ဆေးပညာရပ်များကို မပြတ်လေ့လာဆည်းပူးနေရမှာဖြစ်ကြောင်းနှင့် အနာဂတ်သားကောင်းရတနာများဖြစ်သည့် တပည့်များရှေ့ဆောင်လမ်းပြနိုင်မှာဖြစ်ကြောင်း၊ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်သည့်အခါ ဆရာဝန်များ၏အခန်းကဏ္ဍသည်လည်း အခြေခံကျဆုံးသော မရှိမဖြစ်လိုအပ်ချက်တစ်ခုဖြစ်ပါကြောင်း၊ ကျောင်းသားလူငယ်များအနေဖြင့် ဆေးက္ကသိုလ်သည်ပြည်သူများအတွက် လိုအပ်သောနှလုံးလှဆေးပညာရှင်များ မွေးထုတ်ပေးရာ နေရာဖြစ်သောကြောင့် မိမိကိုယ်ကို နိုင်ငံအတွက်အရေးပါသောသူများအဖြစ် ခံယူချက် ထားစေလိုကြောင်း၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ရာတွင် တစ်ထောင့်တစ်နေရာက နေအထောက်အပံ့ပြုနိုင်ရန်ရှေ့ရှုပြီး ဆေးပညာရပ်များကို စာတွေ့လက်တွေ့ပါနှစ်ရပ်စလုံး ထူးချွန်ထက်မြက်အောင် လေ့လာသင်ယူကြရန်နှင့် နောင်တစ်ချိန်တွင်ကျရာဒေသ၌ တာဝန်ထမ်းဆောင်၍ ပြည်သူများ၏ ကျန်းမာရေးကိုစိတ်ရောကိုယ်ပါ ယုယုယယ ပြုစုကိုယ်ချင်းစာတရားလက်ကိုင်ထားပြီး ပြုစုကုသကာကွယ်စောင့်ရှောက်ပေးကြရန် ပြောကြားသည်။
၎င်းနောက် ဆေးတက္ကသိုလ်-တောင်ကြီး ဆေးပညာပထမနှစ်(၁/၂၀၂၅)သင်တန်း၏ Orientationနှင့် ဆုချီးမြှင့်ခြင်းအတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့က ဂုဏ်ပြုချီးမြှင့်ငွေ ကျပ်သိန်း(၃၀)ကို ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်ကပေးအပ်ရာ ဆေးတက္ကသိုလ်-တောင်ကြီး ပါမောက္ခချုပ်၊ ဒေါက်တာလှဝင်းမြင့်မှ လက်ခံရယူပြီးအမှာစကားပြောကြားကြောင်းသိရသည်။
ယင်းနောက် ဆေးတက္ကသိုလ်-တောင်ကြီး ဒုတိယပါမောက္ခချုပ်(သင်ကြား) ဒေါက်တာ သဲနုထွေးမှ ဆေးပညာပထမနှစ်(၁/၂၀၂၅)သင်တန်းနှင့်ပတ်သက်သည်များ ရှင်းလင်းပြီး ဆေးတက္ကသိုလ်-တောင်ကြီး ဆေးပညာဌာန၊ ပါမောက္ခ/ဌာနမှူးပါမောက္ခဒေါက်တာအောင်ကျော်သူ မှ ဆေးပညာပထမနှစ်(၁/၂၀၂၅)သင်တန်းနှင့်ပတ်သက်သည်များ ရှင်းလင်းကြသည်။
ဆက်လက်၍ ဆေးတက္ကသိုလ်-တောင်ကြီး သင်တန်းအသီးသီးမှ ပညာရည်ချွန်ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများနှင့် ထူးချွန်ကျောင်းသား၊ ကျောင်းသူများအား ဆုချီးမြှင့်ရာ ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ် ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ဆေးတက္ကသိုလ်-တောင်ကြီး ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်နှင့် တာဝန်ရှိသူများက အသီးသီးဆုများ ချီးမြှင့်ပေးကြသည်။
ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တောင်ကြီးမြို့၊ စဝ်စံထွန်းဆေးရုံကြီးသို့ သွားရောက်၍ ကျန်းမာရေးဝန်ကြီးဌာနနှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ဦးဆောင်လမ်းညွှန်မှုဖြင့် ကုသရေးဦးစီးဌာနမှ ပါမောက္ခ/အထူးကုဆရာဝန်ကြီးများမှ မွေးရာပါနှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ လူနာများအား ဇန်နဝါရီလ(၂၉)ရက်နေ့က ခွဲစိတ်ကုသသပေးပြီး နှုတ်ခမ်းကွဲ(၇)ဦး၊ အာခေါင်ကွဲ(၁၉)ဦး ကလေးလူနာများအား ကြည့်ရှု၍ အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် သက်ကြီးဘိုးဘွားအား သွားတု(အံကပ်)တပ်ဆင် ပေးကြ၍ အမှတ်တရလက်ဆောင်များပေးအပ်ပြီး ပါမောက္ခအထူးကုဆရာဝန်ကြီးများအား ပြည်နယ်ဝန်ကြီးချုပ်က အမှတ်တရလက်ဆောင်ပေးအပ်၍ ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ရာ စဝ်စံထွန်းဆေးရုံကြီးတာဝန်ရှိသူတစ်ဦးမှ လက်ခံရယူကြောင်းနှင့် သက်ကြီးဘိုးဘွား သွားတု(အံကပ်)ဆင်သူ(၅၁)ဦးရှိကြောင်းသိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး