တောင်ကြီး ဇွန်-၁၅
တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးနှင့် မျိုးဆက်သစ် အားကစားသမားများပေါ်ထွက်လာစေရန် ရည်ပြီး ဆေးတက္ကသိုလ်(တောင်ကြီး) ပါမောက္ခချုပ် တံခွန်စိုက်ဖလား ဘောလုံးပြိုင်ပွဲဖွင့်ပွဲကို ဇွန်(၁၅)ရက် မွန်းလွှဲ(၂)နာရီခွဲက တောင်ကြီးမြို့၊ ပြည်နယ်အားကစားကွင်း၌ ကျင်းပသည်။
ဖွင့်ပွဲတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးက ဆေးတက္ကသိုလ် ကျောင်းသားများသည် ကျောင်းစာကို အမြဲလေ့လာဖတ်ရှုနေကြပြီး မအားလပ်သည့်ကြားက ယခုလို အားကစား စိတ်ဓါတ် အပြည့်ဖြင့် ယှဉ်ပြိုင်ကြသည့်အတွက် များစွာဂုဏ်ယူမိပါကြောင်း၊ စာပေပညာထူးချွန်ရုံသာမက အားကစားတွင် ထူးချွန်အောင် ကြိုးစားလိုစိတ်ရှိသည်ကို ဝမ်းမြောက်မိပါကြောင်း၊ယနေ့ပြိုင်ပွဲတွင် ကစားကြသည့် ကျောင်းသားများသည် မိမိကိုယ်ကို ကိုယ်စားပြုရုံသာမက တက္ကသိုလ်တစ်ခုလုံး၏ ကိုယ်စားဖြစ်၍ အားကစားသမားများအနေဖြင့် တက္ကသိုလ်၏ ဂုဏ်နှင့်စိတ်ဓါတ်ကို ဖော်ညွှန်းပြပါကြောင်း၊ ကစားသည့်အခါ စိတ်အားထန်သန်မှု၊ ပြိုင်ဘက်ကို လေးစားမှု၊တက္ကသိုလ်ဘောလုံးသမိုင်းကို ထူးခြားစစ်မှန်သည့် အားကစား စွမ်းရည်များနှင့် ဖော်ကျူးပြီး အားကစားစွမ်းရည်မျှတသည့် ကစားနည်းလမ်းများဖြင့် ကစားကြရန် ပြောကြားသည်။
ဆက်လက်၍ ဆေးတက္ကသိုလ်(တောင်ကြီး)ပါမောက္ခချုပ်၊ ပါမောက္ခဒေါက်တာလှမြင့်ဝင်းက ပြိုင်ပွဲ ကျင်းပရခြင်း အကြောင်းအရင်းကို ရှင်းလင်းတင်ပြပြီး ပြိုင်ပွဲဝင်အားကစားသမားများမှ အားကစား သစ္စာအဓိဋ္ဌာန်ရွတ်ဆိုကြသည်။
ထို့နောက် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေး၊ ဆေးတက္ကသိုလ်(တောင်ကြီး) ပါမောက္ခချုပ်နှင့် တာဝန်ရှိသူများက ပြိုင်ပွဲဝင်အားကစားသမားများအား လိုက်လံနှုတ်ဆက်ကြပြီး ဆေးတက္ကသိုလ်(တောင်ကြီး) ကျောင်းသူလေးများမှ အတန်းအလိုက် Cheer Leader အကမယ်များက ပန်းဖွားအကဖြင့် ကပြဖျော်ဖြေ၍ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးက အ.ထ.က(၄) ပန်ဖွားအကအဖွဲ့နှင့် ဆေးတက္ကသိုလ် ပန်းဖွားအကမယ်အဖွဲ့များအား ဂုဏ်ပြုချီးမြှင့်ငွေပေးအပ်၍လည်းကောင်း၊ ဆေးတက္ကသိုလ်(တောင်ကြီး) ပါမောက္ခချုပ်၊ ပါမောက္ခဒေါက်တာလှမြင့်ဝင်းမှ အ.ထ.က(၄)ဘင်ခရာအဖွဲ့ကို ဂုဏ်ပြုချီးမြှင့်ငွေ ပေးအပ်ခဲ့ကြကြောင်း သိရသည်။
အဆိုပါ ဆေးတက္ကသိုလ်(တောင်ကြီး) ဘောလုံးပြိုင်ပွဲတွင် ဆေးတက္ကသိုလ်(A) နောက်ဆုံးနှစ်အပိုင်း(ခ)နှင့် ပထမနှစ်(၅/၂၀၂၃)အသင်း ၊ (B)နောက်ဆုံးနှစ်အပိုင်း(က)အသင်း၊ (C)ဆေးပညာ အခြေခံနှစ် (၁/၂၀၂၃အသင်း ၊(D)တတိယနှစ်အသင်းတို့ ပါဝင် ယှဉ်ပြိုင်ကြပြီး ပြိုင်ပွဲပထမနေ့ ပွဲစဉ်အဖြစ် (C)ဆေးပညာ အခြေခံနှစ်(၁/၂၀၂၃)အသင်းနှင့် (D)တတိယနှစ်အသင်းတို့ ယှဉ်ပြုင်ကစားနေမှုကို ရှမ်းပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ဆေးတက္ကသိုလ် (တောင်ကြီး)ပါမောက္ခချုပ်နှင့် ပါမောက္ခများ၊ ကျောင်းသား၊ကျောင်းသူများ၊ အားကစားဝါသနာရှင်များမှ ကြည့်ရှု အားပေးကြပြီး ပြိုင်ပွဲကို ဇွန်(၁၅)ရက်နေ့မှ(၂၁)ရက်ထိ ကျင်းပသွားမည်ဖြစ်ကြောင်းသိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့