ကလော မတ်-၁
ရှမ်းပြည်နယ်(တောင်ပိုင်း) ကလောမြို့နယ် ဘော်နင်းကျေးရွာအုပ်စုတွင် မတ်(၁)ရက်နံနက်(၁၀)နာရီက (၁၆)ကြိမ်မြောက် တောင်ရိုးအမျိုးသားနေ့ကို ဘော်နင်းဘုန်းတော်ကြီးကျောင်း၌ ကျင်းပသည်။
အခမ်းအနားတွင် တောင်ရိုးအမျိုးသားနေ့ အလံတင်ခြင်းနှင့် အလးပြုခြင်း ဆောင်ရွက်ကြပြီး ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က (၁၆)ကြိမ်မြောက်တောင်ရိုးအမျိုးသားနေ့တွင် မှာစကားပြောကြားရာ ရှမ်းပြည်နယ်တွင် တိုင်းရင်းသားမျိုးနွယ်စု (၃၃)စုရှိပြီး တိုင်းရင်းသားမျိုးနွယ်စုအလိုက် ရိုးရာ၊ ယဥ်ကျေးမှု၊ ဓလေ့ထုံးတမ်းများသည် လူမျိုးစုအလိုက်ရှိကြပြီး ရှေးနှစ်ပေါင်းများစွာကတည်းကပင် အေးအတူပူအမျှ အတူတကွ သွေးသားရင်းချာမောင်နှမများကဲ့သို့ နေထိုင်လာခဲ့ပါကြောင်း၊ တိုင်းရင်းသားမျိုးနွယ်စုအလိုက် နေ့ထူးနေ့မြတ်များဖြစ်သည့် အမျိုးသားနေ့၊ နှစ်သစ်ကူးပွဲတော်နှင့် ကောက်သစ်စားပွဲတော် အစရှိသဖြင့် ရှိခဲ့ပါကြောင်း၊ တောင်ရိုးတိုင်းရင်းသား မိဘပြည်သူညီအစ်ကိုမောင်နှမများအနေဖြင့် မိမိတို့၏ တိုင်းရင်းသားမျိုးနွယ်စု ထုံးတမ်းစဥ်လာများကို မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ပေးရန် လိုအပ်ပါကြောင်း ပြောကြားသည်။
ထို့နောက် (၁၆)ကြိမ်မြောက် တောင်ရိုးအမျိုးသားနေ့ပွဲတော်အတွက် ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က ဂုဏ်ပြုချီးမြှင့်ငွေပေးအပ်ရာ တောင်ရိုးစာပေနှင့်ယဥ်ကျေးမှုအသင်းဥက္ကဋ္ဌ ဦးသောင်းရွှေမှ လက်ခံရယူ၍ ဒေသထွက်အမှတ်တရလက်ဆောင်နှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ကြသည်။
၎င်းနောက် တောင်ရိုးအမျိုးသားနေ့ကျင်းပရခြင်း ရည်ရွယ်ချက်အား တောင်ရိုးစာပေနှင့်ယဥ်ကျေးမှုအသင်းဥက္ကဋ္ဌ ဦးသောင်းရွှေမှ ရှင်းလင်းတင်ပြပြီး တောင်ရိုးစာပေနှင့်ယဥ်ကျေးမှုအသင်း ကိုယ်စားတစ်ဦးမှ ကျေးဇူးတင်စကားပြန်လည်ပြောကြား၍ စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးကာ တောင်ရိုးတိုင်းရင်းသားတို့၏ ရိုးရာအကအလှများဖြင့် ဖျော်ဖြေတင်ဆက်ကြကြောင်း သိရှိရသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဟဲဟိုးအာလူးအအေးခန်း တည်ဆောက်နေမှုအား သွားရောက်ကြည့်ရှုစစ်ဆေး၍ တာဝန်ရှိသူများအား လိုအပ်သည်များ ဖြည့်စွက်မှာကြားခဲ့ကြောင်း သိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး