ကလော နိုဝင်ဘာ-၁၀
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ရှမ်းပြည်နယ် ကလောခရိုင်၊ ကလောမြို့နယ်တွင် နိုဝင်ဘာ(၁၀)ရက် နံနက်(၈)နာရီခွဲက ရှမ်းပြည်နယ်အစိုးရ၏ သွင်းအားစုပံ့ပိုးမှုဖြင့် စိုက်ပျိုးထားသော စံပြကွက်ရိတ်သိမ်းခြင်းကို ဟဲဟိုးမြို့၊ ဘော်နင်းကျေးရွာ ဦးကံပေါ် စိုက်ပျိုးထားသည့် ရွှေရင်အေးမိုးစပါး စံပြကွက်ရိတ်သိမ်းပွဲ ကျင်းပကြောင်း သိရသည်။
မိုးစပါးစံပြကွက် ရိတ်သိမ်းပွဲတွင် ရှမ်းပြည်နယ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးသန်းဝင်းက မိုးစပါးစံပြကွက် ရိတ်သိမ်းမှုနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြပြီး ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန ပြည်နယ် ဦးစီးမှူး ဦးချိုနိုင်ထွန်းက သီးနှံပုံစံနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြကြသည်။
ဆက်လက်၍ ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန ဒုတိယပြည်နယ်ဦးစီးမှူး ဦးငြိမ်းထွန်းက စပါးသီးနှံအထွက် မိတ်ဖက် လက္ခဏာများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြပြီး ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ တာဝန်ရှိသူများနှင့် ဒေသခံတောင်သူများတို့က စံပြကွက်ရိတ်သိမ်းခြင်းနှင့် အထွက်နှုန်း တွက်ချက်ခြင်းလုပ်ငန်းများအပေါ် ကြည့်ရှုခြင်းနှင့် ကူဘိုတာစက်အမျိုးအစားရိတ်သိမ်း ချွေ့လှေ့စက်ဖြင့် ရွှေရင်အေး မိုးစပါးရိတ်သိမ်းနေမှုကို ကြည့်ရှုကြကြောင်း သိရသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူတို့သည် မျိုးစပါး၊ အာလူး၊ နေကြာမျိုးစေ့တို့ကို ကြည့်ရှူကြပြီး တောင်သူများအား နေကြာမျိုးစေ့အိတ်များ ထောက်ပံ့ပေးအပ်ခဲ့ကြကြောင်းနှင့် ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးက ဘော်နင်းကျေးရွာ၊ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန တို့ကို ဂုဏ်ပြုချီးမြှင့်ငွေ ပေးအပ်ရာ ရွာသူကြီးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူ အသီးသီးတို့က လက်ခံရယူကြကြောင်း သိရသည်။
၎င်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများသည် ဝါးရုံပင် ကျေးရွာအုပ်စု၊ ပုန်းအင်းကျေးရွာတွင် တောင်သူဦးမောင်ညို စိုက်ပျိုးထားသည့် ရွှေရင်အေးစပါး စံပြကွက် ရိတ်သိမ်းနေမှုနှင့် တောင်ကြီးမြို့နယ် တာယောမျိုးသန့်ခြံတွင် စိုက်ပျိုးရေးဦးစီးဌာန၏ ရွှေရင်အေးစပါး မျိုးစေ့ထုတ် စိုက်ခင်း စံပြကွက်ရိတ်ကွင်း သရုပ်ပြပွဲကို ကြည့်ရှုအားပေးကြကြောင်း သိရသည်။
ဆက်လက်၍ တောင်ကြီးမြို့နယ်နှင့် ညောင်ရွှေမြို့နယ်ရှိ ကျေးရွာများမှ တောင်သူများကို ဂုဏ်ပြုချီးမြှင့်ငွေနှင့် နေကြာ မျိုးစေ့အိတ်တို့ကို ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများက ထောက်ပံ့ပေးအပ်ခဲ့ကြပြီး တောင်သူများမှ ဒေသအတွက် လိုအပ်သော ဟဲကယ်ကျေးရွာတွင် ကုန်ထုတ်လမ်း၊ ဘုရားငါးဆူရွာတွင် ဆည်မြောင်းကိစ္စရပ်များ၊ မင်္ဂလာအောင်မြင်သစ်၊ နမ့်ကွတ်ကျေးရွာတွင် ရေစုကန်၊ ညောင်ရွှေမြို့နယ်၊ နောင်တောကျေးရွာ အုပ်စု၊ လွယ်ခေါအလယ်ရွာတွင် မူလွန်စာသင်ကျောင်းကိစ္စရပ်များ၊ တိလောကျေးရွာအုပ်စု ကျော့မောင်ငယ်ကျေးရွာတွင် ကုန်ထုတ်လမ်းတံတား ကိစ္စရပ်များတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်နှင့် သက်ဆိုင်ရာဌာနများမှ ဖြေရှင်းဆောင်ရွက်ပေးခဲ့ ကြောင်း သိရသည်။
အဆိုပါ ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ သွင်းအားစုပံ့ပိုးမှုဖြင့် စိုက်ပျိုးထားသော စံပြကွက်ရိတ်သိမ်းမှုတွင် ဘောနင်းကျေးရွာ အုပ်စု ဦးကံပေါ်မိုးစပါးစံပြကွက်တွင် တစ်ဧကအစိုထွက် (၁၃၀)တင်း၊ ဝါးရုံပင်ကျေးရွာအုပ်စု ဦးမောင်ညိုမိုးစပါးစံပြကွက်တွင် တစ်ဧက အစိုထွက် (၁၂၆)တင်းနှင့် တာယောမျိုး  သန့်ခြံတွင် တစ်ဧကအစိုထွက် (၁၂၆.၇၇)တင်း ထွက်ရှိကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး