တောင်ကြီး သြဂုတ်-၁၅
အာဟာရဖွံ့ဖြိုးရေးနှင့် သုတေသနဌာခွဲသည် ကမ္ဘာ့ကျန်းမာရေးအဖွဲ့၊ ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေအဖွဲ့တို့နှင့် ပူးပေါင်းကာ အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်များအဖြစ် သြဂုတ်လတစ်လလုံး အကောင်အထည် ဖော်ဆောင်ရွက်ခဲ့ရာ သြဂုတ်(၁၅)နံနက်(၁၀)နာရီက တောင်ကြီးမြို့၊ သစ်တောရပ်ကွက်ရှိ ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ၂၀၂၄ခုနှစ် ကမ္ဘာ့မိခင်နို့တိုက်ကျွေးရေး ရက်သတ္တပတ်နှင့် အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်များ ပြည်နယ် အဆင့်အထိမ်းအမှတ် ကျင်းပသည်။
အခမ်းအနားတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က ပြည်သူလူထုအနေဖြင့် အာဟာရဖွံ့ဖြိုးရေး လုပ်ငန်းများကို ပိုမိုစိတ်ဝင်စားပြီး ပူးပေါင်းပါဝင်ဆောင်ရွက်ရန် ရည်ရွယ်၍ အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်များကို သြဂုတ်လတစ်လလုံး ဗဟိုအဆင့်၊ တိုင်းဒေသကြီး/ ပြည်နယ်အဆင့် သာမက ခရိုင်၊ မြို့နယ်များတွင် နှစ်စဥ်ကျင်းပ ပြုလုပ်ခဲ့ပါကြောင်း၊ အာဟာရ ဖွံ့ဖြိုးရေး လှုပ်ရှားမှုရက်သတ္တပတ်များ အဖြစ် ပထမရက်သတ္တပတ်ကို မိခင်နို့ စနစ်တကျ တိုက်ကျွေးရေး၊ ဒုတိယရက်သတ္တပတ်ကို ငါးနှစ်အောက်နှင့် ကျောင်းနေအရွယ်ကလေးများ အာဟာရဖွံ့ဖြိုးရေး၊ တတိယရက်သတ္တပတ်ကို ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များ အာဟာရ ဖွံ့ဖြိုးရေး၊ စတုတ္ထရက်သတ္တပတ်ကို အိုင်အိုဒင်းချို့တဲ့မှု ပပျောက်ရေး ရက်သတ္တပတ်များ အနေဖြင့် သတ်မှတ်ဆောင်ရွက်ကြောင်း ပြောကြားသည်။
ဆက်လက်၍ ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာဝင်းနိုင်က ကမ္ဘာ့မိခင်နို့ တိုက်ကျွေးရေး ရက်သတ္တပတ်နှင့် အာဟာရဖွံ့ဖြိုး ရက်သတ္တပတ်များ လှုပ်ရှားမှုနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြပြီး ကမ္ဘာ့မိခင်နို့ တိုက်ကျွေးရေး ရက်သတ္တပတ်နှင့် အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ် လှုပ်ရှားမှုဗီဒီယိုပြသကြောင်း သိရသည်။
ထို့နောက် အသက်(၅)နှစ်အောက် ကလေးများ အား အင်အားပြည့်ဗီတာမင်အေ ဆေးလုံးများကို ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်တို့က တိုက်ကျွေးပေးကြပြီး ကလေးများအား ကြက်ဥ၊ ပဲပေါင်မုန့်၊ ဌက်ပျောသီး၊ လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့၍ ကိုယ်ဝန်ဆောင်မိခင်များအား အဏုအာဟာရ ဆေးပြားများနှင့် ကြက်ဥ၊ ကုလားပဲ၊ အိုင်အိုဒင်းဆားများ၊ FoodBasketတို့ကို ပြည်နယ်ဝန်ကြီးချုပ်၏ဇနီး၊ ရှမ်းပြည်နယ် မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့ နာယက ဒေါ်ညိုမီစောနှင့် အဖွဲ့ဝင်များက ပေးအပ်ခဲ့ကြကြောင်းနှင့် စုပေါင်းဓါတ်ပုံရိုက်ကူးကြပြီး ပြည်နယ် ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ခင်းကျင်းပြသထားသော ပြခန်းများအား လှည့်လည် ကြည့်ရှုကြကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး