တောင်ကြီး ဒီဇင်ဘာ-၅
ကမ္ဘာ့ခုခံအား ကျဆင်းမှုကူးစက်ရောဂါ တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်ကို ဒီဇင်ဘာ(၄)ရက် ညနေ(၄)နာရီက တောင်ကြီးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပသည်။
ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးက ၁၉၈၈ခုနှစ်က စတင်ပြီး နှစ်စဥ်ဒီဇင်ဘာလ ပထမရက်သတ္တပတ်အတွင်း ကမ္ဘ့ာခုခံအားကျဆင်းမှု ကူးစက်ရောဂါ တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားများကို ကမ္ဘာတစ်ဝှမ်းတွင် ကျင်းပလေ့ရှိပြီး ယခုနှစ် ဒီဇင်ဘာလ(၁)ရက်နေ့တွင် (၃၆)ကြိမ် မြောက်ရှိပြီးဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင် အိပ်ချ်အိုင်ဗွီ ရောဂါအသစ် ကူးစက်ခံရမှု (HIV incidence) သည်(၂၀၀၀)ခုနှစ်တွင် (၂၉၀၀၀)ခန့် အမြင့်ဆုံးဖြစ်ခဲ့ပြီး (၂၀၂၂)ခုနှစ်တွင် (၁၁၀၀၀)ကျော် ထိကျဆင်းလာ သည်ကိုတွေ့ရပါကြောင်း၊ ၎င်းတို့အနက် (၂၀၂၂)ခုနှစ် တစ်နှစ်ထဲတွင် ဦးတည်အုပ်စုများ (Key affected Populations) အတွင်း ရောဂါပိုးအသစ် ကူးစက်ခံရမှုဟာ စုစုပေါင်း၏(၄၇%)ကျော်အထိ ရှိနေခဲ့ပါကြောင်း၊ အိပ်ချ်အိုင်ဗွီပိုးအသစ် ကူးစက်ခံရမှု (HIV New Infections)သည် တစ်နိုင်ငံလုံး တစ်ပြေးညီ ဖြစ်ပွားနေခြင်း မဟုတ်ဘဲ အထက်ဖော်ပြပါ အိပ်ချ်အိုင်ဗွီပိုးကူးစက်ရန် အန္တရာယ်များသော ဦးစားပေးအုပ်စုများအတွင်း အဖြစ်များ၍ နေရာဒေသအားဖြင့် ကချင်ပြည်နယ်၊ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးတို့တွင် အမြင့်မားဆုံးဖြစ်ကြောင်း၊ တိုင်းဒေသကြီး/ပြည်နယ်အလိုက် အိပ်ချ်အိုင်ဗွီ ကူးစက်ခံရမှု အခြေအနေ ခန့်မှန်းတွက်ချက်မှု (SUb-national Estimation)များအရ တွေ့ရှိရပါကြောင်း၊ ယခုနှစ် ကမ္ဘ့ာခုခံအား ကျဆင်းမှု ကူးစက်ရောဂါ တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်ဆောင်ပုဒ်ဖြစ်သည့် “Let Communities Lead” “အေအိုင်ဒီအက်စ်ကင်းဝေးရေး၊ ပြည်သူလူထုဦးဆောင်ပေး”နှင့်အညီ အိပ်ချ်အိုင်ဗွီ ကူးစက်မှု တားဆီးကာကွယ်ရေးနှင့် တိုက်ဖျက်ရေးလုပ်ငန်းများတွင် သက်တူရွယ်တူ ကျန်းမာရေး စောင့်ရှောက်မှု ပေးသူများ၊ ကွန်ယက်အဖွဲ့များ၊ ဦးတည်အုပ်စုဝင်များ၊ အမျိုးသမီးများ၊လူငယ်များ၊ လူထုကျန်းမာရေးလုပ်သားများ၊ လူထုအခြေပြုအဖွဲ့အစည်းများ၊ အိပ်ချ်အိုင်ဗွီအရေး တက်ကြွလှုပ်ရှားသူများ အစရှိသည့် လူထုအားလုံးပါဝင်ပြီး လူတိုင်းအတွက် စံချိန်းစံညွှန်းကိုက်ညီသော အရည်အသွေးမီ ကျန်းမာရေး ဝန်ဆောင်မှုများကို စဥ်ဆက်မပြတ် ပိုမိုတိုးမြှင့်ဆောင်ရွက်သွားကြရန် ပြောကြားသည်။
ဆက်လက်၍ ရှမ်းပြည်နယ်အတွင်း ဆောင်ရွက်နေသည့် ခုခံအားကျဆင်းမှု ကူးစက်ရောဂါ တိုက်ဖျက်ရေးလုပ်ငန်းများအား ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဝင်းနိုင်မှ ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်နှင့် တာဝန်ရှိသူများက ခန်းမအတွင်း ခင်းကျင်းပြသထားသော ပြခန်းများအား လှည့်လည် ကြည့်ရှုကြကြောင်း သိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး